Myanmar Muslim Oasis
ပင်မစာမျက်နှာသို့

အကျိုးခံစားခွင့်မဲ့နေကြသူများ

အကျိုးခံစားခွင့်မဲ့နေကြသူများ

တစ်နေ့ ကျွန်တော့ဖုန်းမှာ ဝင်လာတဲ့ Massage တစ်စောင် ကို ဒီနေ့အထိ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ မေးခွန်းတစ်ခုကို တိုတိုတုတ်တုတ်မေးထားတဲ့ Massageပါ။

“ဆရာခင်ဗျာ… ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ပတ်သတ်ပြီး တရားတော်ရဲ့ ပညတ်ချက်ဘာရှိပါသလဲ”

မေးမြန်းသူရဲ့ဖုန်းနံပတ်ကို ကျွန်တော် ဆက်သွယ်ကြည့်တဲ့အခါ တစ်ဖက်က အခုမှ တတ်သစ်စအရွယ် လူငယ်လေးတစ်ယောက်အသံကို ကြားခဲ့ရတယ်။

“ခွင့်လွှတ်ပါ… ခင်ဗျားမေးခွန်းကို ကျွန်တော်နားမလည်လို့ ပြန်ပြောပါအုံး”လို့ ကျွန်တော်ပြန်မေးလိုက်တဲ့အခါ သူက လောကကြီးကို စိတ်ကုန်နေတဲ့လေသံနဲ့

“ကျွန်တော့မေးခွန်းက ရှင်းပါတယ်… ကိုယ်ကိုယ်ကို သတ်သေခြင်းနဲ့ပတ်သတ်ပြီး တရားတော်ရဲ့ အမိန့်ဘာရှိလဲ လို့မေးထားတာပါ”

သူမမျှော်လင့်ထားတဲ့ အဖြေကို ပေးမယ်လို့ ကျွန်တော်ရည်ရွယ်လိုက်တယ်။ ပြီးတော့

“မုစ်သဟဗ် (နှစ်သက်ဖွယ်ကောင်းတဲ့လုပ်ရပ်) ပါ” လို့ ရယ်ပြီး ဖြေလိုက်တယ်။

“ခင်ဗျာ”

“ကိုယ်ကိုယ်ကို သတ်သေဖို့ ဘာနည်းလမ်းသုံးမလဲဆိုတာ ကူပြီးစဉ်းစားပေးရအုံးမလား” လို့ ကျွန်တော်သူ့ကို ဆက်မေးတဲ့အခါ လူငယ်လေး နှုတ်ဆိတ်နေခဲ့တယ်။

အဲ့တော့မှ “ ဟုတ်ပြီ ဘာလိုကိုယ့်ကိုယ်ကို သတ်သေချင်ရတာလဲ” လို့မေးလိုက်တယ်။

“ ကျွန်တော် အလုပ်မရဘူး။ ဘယ်သူမှ ကျွန်တော့ကို မခန့်ချင်ဘူး။ ကျွန်တော်ဟာ အသုံးမကျတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ” လို့သူစပြောပြီး သူ့အခြေအနေဖြစ်ကြောင်းကုန်စင် ကျွန်တော့ကို ပြောပြတယ်။ ကောင်လေးက သူ့ကိုယ်သူ ပိုကောင်းတဲ့လူအဖြစ်ပြောင်းလဲရာမှာ မိမိရဲ့အရည်အချင်းတွေကို အသုံးချရာမှာ ရှုံးနိမ့်နေတာဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ လူအများစုဟ ဒီပြဿနာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

စဉ်းစားရမှာက “ ဘာ့ကြောင့်များ လူသားတွေဟာ ကိုယ့်ကိုယ်ကို ဒီလောက် နိမ့်ကျသေးသိမ်သူလို့ ထင်နေကြရတာလဲ”

တောင်ထိပ်မှာ ရပ်နေသူတွေကိုပဲ ဘာလို့ငေးမောကြည့်နေတတ်ကြတာလဲ

သူတို့လိုပဲ ကိုယ်လည်း တောင်ထိပ်ပေါ်ကို ဘာလို့မတတ်နိုင်ကြတာလဲ?

အနည်းဆုံးတော့ အဲ့ဒီလူတွေကိုပဲ ကြည့်ပြီးအားကျတယ်ဆိုရင် ကိုယ်လည်း စမ်းပြီးတက်ကြည့်ဖို့တော့ ကြိုးစားရမယ်မဟုတ်လား…

ကဗျာဆရာတစ်ယောက်ကပြောတယ်

“တောင်ထိပ်ကို ကြောက်သူတွေဟာ ချိုင့်ဝှမ်းမှာသာ တစ်သက်လုံးနေကြရတယ်”

ဒီစာအုပ် ဒါမှမဟုတ် ဒီလိုအကြောင်းအရာတွေပါတဲ့ စာအုပ်တစ်အုပ်အုပ်ကို ဖတ်ပြီး အကျိုးမရှိနိုင်ဘူးလို့ သင်ထင်နေတာလား?

တကယ်တော့ အဲ့ဒီကောင်လေးဟာ သူ့ရဲ့မကောင်းတဲ့အကျင့်တွေကို သူပြောင်းလဲဖို့ လက်လျှော့လိုက်တာဖြစ်တယ်။ သူ့မှာ ရှိသလောက် အရည်အချင်းလေးကိုပဲ ကျေနပ်ပြီးထိုင်နေသူဖြစ်တယ်။ ပြီးတော့ “ငါဘာလုပ်နိုင်မှာလဲ၊ ဒါငါ့အကျင့်ပဲလေ၊ ငါမှအဲ့ဒီအကျင့်ကိုမဖျောက်နိုင်တာ၊ လူတွေလည်း ငါ့အကျင့်ကို ရိုးကုန်ကြပါပြီ၊ ခါလိဒ်လို ပြောတက်ဆိုတတ်ဖို့၊ အဟ်မဒ်လို ရွှင်ရွှင်လန်းလန်းနေတတ်ဖို့၊ ဂျောင်ဝါးဒ် လို လူချစ်လူခင်ပေါဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်တော့ပါဘူး” စသဖြင့် သာ ငြီးတွားစဉ်းစားနေသူဖြစ်တယ်။

တစ်ရက် ထိုင်ဝိုင်းတစ်ခုမှာ ပါဝင်ခဲ့တယ်။ ကျွန်တော့်ဘေး(နေရာ)မှာ အဘိုးအိုတစ်ယောက်လာ(ထိုင်)တယ်။ ဒီအခန်းအနားမှာ ပါဝင်သူအများစုဟာ သာမန်အရည်အချင်းရှိတဲ့သူတွေသာများပါတယ်။ အဲ့ဒီအဖိုးအိုက သူ့အနားမှာ ရှိတဲ့သူတွေနဲ့ စကားကောင်းနေတယ်။ သူဟာ ဒီထိုင်ဝိုင်းမှာ ရှိနေသူတွေအားလုံးထက် အသက်ကြီးတဲ့သူဖြစ်တဲ့အတွက် ထိုင်ဝိုင်းမှာ ပေါ်လွင်နေတာကလွဲပြီး သူ့မှာ ထူးခြားတဲ့အရည်အချင်းတစ်ခုခုကို ကျွန်တော်မတွေ့ခဲ့ပါ။

ကျွန်တော် အဲ့ဒီထိုင်ဝိုင်းမှာ အနည်းငယ် ဟောပြောခွင့်ရခဲ့ပါတယ်။ အဲ့ဒီဟောပြောချက်တွေထဲမှာ ရှိုင်းအဗ်ဒွလ်အဇီးဇ် ဗင်ဘားဇ် ရဲ့ ဓမ္မသတ်တစ်ခုကို ကျွန်တော် ထည့်ပြောခဲ့တယ်။ ကျွန်တော် ဟောပြောပြီးတဲ့အခါ အဘိုးအိုက ဝင့်ကြွားတဲ့လေသံနဲ့ “ငါနဲ့ ဘင်န်ဘားဇ်နဲ့က တစ်တန်းတည်း အတူတူ ဖတ်ခဲ့တဲ့ သူငယ်ချင်းတွေကွ၊ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ငါတို့ ဗလီမှာ မုဟမ္မဒ်ဘင် အိဗ်ရာဟီးမ်းရဲ့ အတန်းမှာ စာအတူတူဖတ်ခဲကြတာ” လို့ ကျွန်တော့ကို လှမ်းပြောတယ်။

ကျွန်တော် ရုတ်တရက် အံအားသင့်ပြီး သူ့ဘက်လှည့်ကြည့်လိုက်တဲ့အခါ အဘိုးအိုရဲ့ မျက်နှာဟာ ပျော်ရွှင်မှု့ကြောင့် အရောင်တောက်နေတာကို တွေ့ရတယ်။ သူက အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦီးနဲ့ တစ်ခေတ်တစ်ခါက အတူတူရှိခဲ့ဖူးတာကို အလွန်ဂုဏ်ယူနေတာဖြစ်တယ်။

“ဘင်န်ဘားဇ်လို ခင်ဗျား ဘာလို့မအောင်မြင်ခဲ့ရတာလဲ။ ခင်ဗျားက (အောင်မြင်မှုရဲ့လမ်းကြောင်းကို သိနေပြီး ဘာလို့ ခရီးဆုံးအောင် မလျှောက်ခဲ့ရတာလဲ” လို ကျွန်တော့်စိတ်ထဲမှာ သူ့ကို အပြစ်တင်မိနေခဲ့တယ်။

ဗင်န်ဘားဇ် ကွယ်လွန်ချိန်မှာ တရားဟောစင်တွေ ငိုခဲ့တယ်၊ စာကြည့်တိုက်တွေ မျက်ရည်ကျခဲ့တယ်၊ သူ့ကို ဆုံးရှုံးလိုက်ရလို့ ကာလတစ်ခုတိုင်အောင် လူတွေ တမ်းတသတိရခဲ့ကြတယ်။ သင်သေသွားရင်ကော?

သင့်အတွက်ငိုမယ့်သူရှိရဲ့လား? ရှိခဲ့ရင်တောင် စိတ်သက်သာရာရဖို့လောက်နဲ့ ထုံးစံအရလောက်ပဲ ငိုကြမှာ မဟုတ်လား?

“ငါကတော့ ဘယ်လူကြီးလူကောင်းနဲ့ သိတာ၊ ငါတို့က ဘယ်လို အတူတူ ပညာသင်ခဲ့တာ” စသည်ဖြင့် ကျွန်တော်တို့ တစ်ခါမဟုတ်တစ်ခါ ပြောဖူးကြမှာပါ။ တကယ်တော့ အဲ့လိုစကားတွေနဲ့ ကျွန်တော်တို့ ဂုဏ်ယူမနေသင့်ဘူး။ သင်ကော အဲ့ဒီလူလိုမျိုး အောင်မြင်မှုအဆင့်တစ်ခုခုကို ရောက်ခဲ့တယ် ဆိုတာကမှ ဂုဏ်ယူရမယ့်အရာဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံး ကိုယ်ဘဝရဲ့သူရဲကောင်းတွေဖြစ်ကြမယ်။ ကျွန်တော်တို့ပိုင်ဆိုင်ထားပြီးသား အရည်အချင်းကောင်းတွေကို အသုံးချပြီး အောင်မြင်ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဒီနေ့ကစပြီး သန္နိဋ္ဌာန်ချကြပါစို့။

ဒါဆို ပထမဆုံး မျက်မှောင်ကြုံ့ထားတာကို ဖျောက်ပြီး မျက်နှာမှာ အပြုံးတစ်ခုဆင်မြန်းလိုက်ပါ။ ဝမ်းနည်းစိတ်ညစ်မှုတွေအားလုံးကို “တာ့တာ့”ပြပြီး တက်တက်ကြွကြွနေလိုက်ပါတော့။ ကပ်စေးနည်းနေတာတွေ ဖြောက်ပြီး ရက်ရောမှုကို မိတ်ဖွဲ့လိုက်ပါ။ ဒေါသတွေကို ထိမ်းချုပ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့အသွင်အပြင်ကို ပြောင်းလိုက်ပါ။ ဒုက္ခရဲ့အမှောင်တွေကြားထဲမှာ ပျော်ရွှင်မှုရဲ့အလင်းရောင်ကို ရှာဖွေလိုက်ပါ။ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရဲ့ လက်နှက်ကို တပ်ဆင်ပါ။ ဘဝကို အရသာခံကြည့်စမ်းပါ။ လူ့ဘဝဆိုတာ ခနလေးပါ။ အဲ့ဒီခနလေးကို ဘာမှမဟုတ်တဲ့ ဝမ်းနည်းမှုတွေ၊ အဓိပ္ပါယ်မရှိတဲ့ သောကတွေနဲ့ မဖျက်စီးလိုက်ပါနဲ့။

အဲ့တော့ မေးစရာတော့ရှိတယ်။

ဒါတွေအားလုံး ဘယ်လိုဖြစ်နိုင်မှာလဲ?

အဲ့ဒီအဖြေကို ပေးဖို့ပဲ ဒီစာအုပ်ကို ကျွန်တော်ရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူတူ လိုက်ခဲ့ကြပါ။ အရှင်မြတ်အလိုတော်နဲ့ ကျွန်တော်တို့ ပန်းတိုင်ကို သိပ်မကြာခင်ရောက်သွားမှာပါ။

# > သင်ခန်းစာ

“ သူရဲကောင်းဆိုတာ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ မိမိရဲ့ အရည်အချင်းတွေကို တိုးတက်အောင်ကြံဆောင်ပြီး အဲဒီအရည်အချင်းတွေကို အပြည့်အဝအသုံးချသူဖြစ်တယ်”

ဤဆောင်းပါးကို မျှဝေရန်

အကျိုးခံစားခွင့်မဲ့နေကြသူများ | Myanmar Muslim Oasis